Saturday, July 5, 2008

... Love Story from Future !


အနာဂတ်ရဲ့ ချစ်ပုံပြင်

အလုပ်ခန်းမှာ ကုမ္ပဏီနဲ့ အစည်းဝေးရှိနေတုန်း လက်ကောက်ဝတ်က ဖန်သားပြင်လေးကို ငုံ့ကြည့်လိုက်မိတယ်။ ဟုတ်တယ်။ ဒီအစည်းဝေးပြီးတာနဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ရအုံးမယ်။ နေ့လည်ပိုင်းလောက်ကတည်းက သတိပေးစနစ်က လာပြောနေတာ။ ဒီနေ့ညနေ ကောင်မလေးကို သွားတွေ့ဖို့ရှိတာကို မမေ့ဖို့နဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့လေ။ အဲဒီအတွက် လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက တကိုယ်ရည်ညွှန်ကြားမှုဌာနကို အချက်အလက်တွေပို့ထားလိုက်တာ။ သူတို့ရဲ့ အကြံပြုချက်ကလည်း ကောင်းမွန်ကြောင်းနဲ့၊ သင့်တော်ကြောင်းပဲဆိုတော့ စိတ်အေးသွားရတယ်။ ဒီလိုမှမဟုတ်ရင် အကြံပြုချက်တွေ တပုံတပင်နဲ့ စိတ်ရှုပ်စရာတွေ ပါလာတတ်လို့လေ။ တခါကလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် သဘာဝဥယျဉ်မှာ နေဝင်ချိန်သွားကြည့်မိတာ၊ အပြန်မှာ လေအေးတွေမိပြီးဖျားလာတာ။ အတော်ရှင်းယူလိုက်ရတယ်။ သူတို့ညွှန်ကြားချက်မပါဘဲ သွားလို့ဆိုပြီး အာမခံကြေးတောင် ပြန်လျော်ရတော့မလို့။ အဲဒီအချိန်တုန်းက စိတ်မှာ တစ်ခုခုကို လွမ်းသလိုလိုဖြစ်လို့ သွားကြည့်မိတာပါဆိုတာကို လက်ခံသွားလို့ တော်သေးတယ်။



ဒီပြဿနာဖြစ်ပြီးကတည်းက အိမ်ထောင်ပြုဖို့ကို မကြာခဏ အကြံပြုနေတော့တာ။ အခုတော့ သူတို့လည်း အဆင်ပြေသွားပါတယ်။ လွန်ခဲ့တဲ့ တလလောက်မှာ သူငယ်ချင်းတစ်ယောက်ရှိနေတဲ့ ကွန်ယက်ပေါ်က စကားဝိုင်းကို အလည်ရောက်တုန်း ဒီကောင်မလေးနဲ့ ခင်လာတာလေ။ အဲဒီနေ့က စကားဝိုင်းမှာ သိပ်ပြီးစကားမပြောဖြစ်တော့ဘူး။ ဖန်သားပြင်ပေါ်က သူ့မျက်နှာလေးက အရမ်းဆွဲဆောင်နေတော့တာ။ အချိန်ကုန်မှန်းမသိ ကုန်သွားတော့တာပဲ။ စကားဝိုင်းကနေ ပြန်မယ်လုပ်တော့ သူငယ်ချင်းက နောက်နာရီဝက်မှာ အချိန်ပေးနိုင်ရင် သူ့ကိုယ်ပိုင် ကွန်ယက်ပေါ်လာခဲ့ပါအုံးတဲ့။ သဘောပေါက်လိုက်တယ်။ ပုံရိပ်တုနည်းပညာနဲ့ ဆုံပြီး အေးအေးဆေးဆေး စကားပြောဖို့ဆိုတာကို။ သူငယ်ချင်းကလည်း ချစ်ဖို့ကောင်းတဲ့ကောင်၊ သူ့ကွန်ယက်ပေါ်ရောက်သွားမှ ကောင်မလေးကိုပါ သူကဖိတ်ထားတာကိုး။ စိတ်မှာတော်တော် ပျော်သွားတာ။ တနာရီခွဲလောက်ကြာအောင် သုံးရောက်သား အချိန်ဖြုန်းလိုက်ကြတယ်။ ပုံရိပ်တုနည်းပညာနဲ့ ဆုံလိုက်ကတည်းက ကောင်မလေးရဲ့ လွတ်လပ်ပွင့်လင်းတဲ့ အတွေးအခေါ်၊ ရှင်းသန့်မွှေးပျံ့တဲ့ ကိုယ်ရည်ကိုယ်သွေးကို သတိထားမိပြီး စကားတွေ အများကြီးပဲ ပြောဖြစ်ကြတယ်။ စိတ်မှာလည်း စွဲလမ်းသွားမိတယ်။

ဒီတစ်ခါတော့ ကိုယ့်ဘာသာကိုယ် ရင်ခုန်ကြည့်အုံးမယ်ဆိုပြီး တကိုယ်ရည်ညွှန်ကြားမှုဌာနကို အချက်အလက်တွေ ချက်ချင်းမပေးခဲ့ဘူး။ ဒါတောင်မှ မနက်အိပ်ရာထဆိုရင် ဇီဝအချက်အလက်တွေ ပေးပို့ရင်း ဒီရက်ပိုင်းမှာ အချစ်အငွေ့အသက်တွေ တွေ့နေတယ် လာပြောတာ နှစ်ခါလောက်ကြုံသေးတယ်။ သူငယ်ချင်းမိတ်ဆက်ပေးလို့ ခင်မင်သွားကတည်းက နှစ်ယောက်သား ကိုယ်ပိုင်ကွန်ယက်တွေမှာ ဆုံဖြစ်ကြတယ်။ တလလောက်အတွင်းမှာ ပုံရိပ်တုနည်းပညာနဲ့လည်း သုံးခါလောက် ဆုံပြီးသွားပြီ။ နှစ်ခါလောက်ကတော့ သှူ့ဆီမှာပဲ ဆုံဖြစ်တာပါ။ ဒုတိယ တစ်ခေါက်မှာပဲ ခံစားမှုချင်းဖလှယ်၊ ရင်ထဲကစကားတွေကို ဖွင့်ပြောပြီး ချစ်ခွင့်ပန်ခဲ့တာပေါ့။ ကောင်မလေးကလည်း ပွင့်လင်းစွာပဲ တုန့်ပြန်ရင်း ချစ်သူတွေဖြစ်ခဲ့ကြတာလေ။ မှတ်မိသေးတယ်။ အဲဒီနေ့က ကောင်မလေးကို အနမ်းလေးတွေတောင် ခြွေခဲ့မိသေး။ နောက်ပိုင်း မကြာခဏဆုံဖြစ်ကြရင်း လက်ထပ်ဖို့ပြောလိုက်တော့မှ လူချင်းတွေ့ဖို့ဖြစ်လာတာလေ။ ကောင်မလေးနေတဲ့မြို့က ကီလိုမီတာ ၆၀၀ လောက်ဝေးတယ်ဆိုတော့ နှစ်ယောက်စလုံးအဆင်ပြေအောင် လမ်းခုလတ်က မြို့လေးတစ်ခုမှာပဲ ချိန်းလိုက်တာ။

ဟော …အတွေးလွန်သွားတာကို ကုမ္ပဏီအကြီးအကဲ သတိထားမိသွားတယ်ထင်ပ၊ မေးခွန်းတချို့ လှမ်းမေးတယ်။ ဒါပေမဲ့ ဒီနေ့အစည်းဝေးက အေးဆေးပါ။ လက်ရှိတာဝန်ယူထားတဲ့ အာဖရိက အလယ်ပိုင်းအကြောင်းမဟုတ်ပေမဲ့ ကျောင်းသားဘဝက အထူးပြုလေ့လာခဲ့တဲ့ စာတန်းမှာ ဒီအကြောင်းတွေကို အကျယ်တဝင့်လေ့လာထားတယ်။ အရှေ့အလည်ပိုင်းက ဘဝပျက်နေသူတွေအကြောင်းလေ။ ဟိုး.. လွန်ခဲ့တဲ့တချိန်တုန်းကတော့ ကမ္ဘာ့အချမ်းသာဆုံး ရေနံနိုင်ငံတွေ ဒီနေ့အချိန်မှာ ဆင်းရဲမွဲတေနေရတာတွေအတွက် ဖြေရှင်းဖို့ နည်းလမ်းတွေ အကြောင်းပေါ့။ ကုမ္ပဏီရဲ့ အဓိကအလုပ်က လေထုသန့်ရှင်းရေးလေ။ ကိုယ်တိုင်လည်း ဒီသန့်ရှင်းရေး ကုမ္ပဏီမှာအလုပ်ရဖို့ကို အများကြီးကြိုးစားခဲ့ရတာ။ အခုတော့လည်း ကြိုးစားမှုနဲ့ထိုက်တန်တဲ့ နေရာကိုရနေပါပြီ။ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေရှိတဲ့ အာဖရိကအလည်ပိုင်းရဲ့ လေထုသန့်ရှင်းရေးပိုင်း တာဝန်ခံပေါ့။ တော်ရုံလူမရနိုင်တဲ့ နေရာဖြစ်သလို၊ အတော်လည်းဂရုစိုက်ရတဲ့ နေရာတွေလေ။ သူတို့ရဲ့ အဓိကချမ်းသာမှု သဘာဝတရားကို ထိန်းသိမ်းမှုမှာ ပါဝင်ပက်သက်နေရတာကိုး။

အော်.. အခုမှပဲ သဘောပေါက်တယ်။ အစည်းဝေးပြီးခါနီးလို့ ကိုယ့်ဆီကနေ အကြံဉာဏ်နဲ့ အမြင်တွေမေးတာကိုး။ ပြောစရာတွေများပေမဲ့ သူတို့တွေရဲ့ ရေနံကိုပဲ စီးပွားရေးတိုးတက်မှုအတွက် ဖက်တွယ်ထားမှုကို စွန့်လွှတ်တာနောက်ကျပုံ။ ဆက်သွယ်ရေးကွန်ယက်ရဲ့ လျှင်မြန်မှုနဲ့ ပွင့်လင်းမှုကို ယဉ်ကျေးမှုမျက်နှာစာကနေ ဇွတ်အတင်းပိတ်ပင်ထားမိတာ မှားသွားပုံ။ သူတို့ဒေသရဲ့ သဘာဝအရင်းအမြစ်၊ အလှအပ ရှားပါးမှုကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပုံတွေကိုပဲ အဓိက ဆွေးနွေးပေးလိုက်တယ်။ အဆုံးသတ်အနေနဲ့ လူသားချင်းစာနာမှုအရ အနိမ့်ဆုံးဈေးနဲ့ လေထုသန့်ရှင်းရေးကို လုပ်ပေးသင့်ကြောင်း၊ အာဖရိကနိုင်ငံတွေလို ချမ်းသာတဲ့နိုင်ငံတွေက နယ်ခြားမဲ့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်လျှင် လေထုသန့်ရှင်းမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ကြောင်း အကြံပြုလိုက်တယ်။

ဒီလိုနဲ့ပဲ အစည်းဝေးကိုရပ်၊ ဆုံးဖြတ်ချက်ကို နောက်နာရီ ၂၀ အတွင်း အဖွဲ့ဝင်တွေဆီကို အကြောင်းပြန်လိုက်မယ်လို့ ဌာနချုပ်က အကြောင်းပြန်ပြီးသွားတော့ ရှေ့သုံးဖက်မြင်ဖန်သားပြင်ကနေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကုန်ကြပြီ။ ကိုယ်ကတော့ ဌာနချုပ်မှာ ဆက်သွယ်ရေး ကွန်ယက်ပိုင်းဆိုင်ရာ သူငယ်ချင်းကို နှုတ်ဆက်ဖို့ ဆောင့်နေလိုက်သေးတယ်။ သူငယ်ချင်းနှစ်ယောက် ဟိုဟို ဒီဒီ ပြောကြပြီး နှုတ်ဆက်လိုက်တယ်။ သူ့နေလည်စာအတွက် ကိုယ်ကပဲ ဒကာခံလိုက်တယ်။ အစားအသောက်ကွန်ယက်ကနေ သူငယ်ချင်းအတွက် အကောင်ဆုံးနေ့လည်စာကို သူ့တကိုယ်ရည်ညွှန်ကြားမှုအရ ပို့ပေးခိုင်းလိုက်တယ်လေ။ အင်း.. ကိုယ်တိုင်လည်း နေ့လည်စာကို စားရအုံးမယ်။ အလုပ်ခန်းကထွက်၊ ထမင်းစားခန်းဝင်ပြီး နေ့လည်စာအတွက် အကြံပြုစာရင်းကို ကြည့်လိုက်တယ်။ ဟုတ်ပြီ၊ မှိုကစွန်းကြော်စားတာပဲကောင်းမယ် ဆိုပြီး နံပါတ် ၄ ကိုရွေးပေးခဲ့လိုက်တယ်။

ရေချိုးရအုံးမယ်။ ရေချိုးခန်းမှန်ရှေ့မှာ ခဏရပ်ပြီး ကိုယ်အပူချိန်ကို ပေးလိုက်တယ်။ ပြီးရင်အကောင်းဆုံး အပူချိန်အနေအထားနဲ့ ချိုးရေရမယ်။ ဟော.. အခုမှတွေ့တယ်။ ဆံပင်တွေက နည်းနည်း ပုံမကျသလိုပဲ။ ဆံပင်ညှပ်ဖို့ ခလုပ်ကိုနှိပ်လိုက်တယ်။ ဆံပင်ညှပ်အုပ်ဆောင်းပေါ်လာပြီး ပုံစံကောင်းအောင် ပြင်ပေးတယ်။ လေဆာနဲ့ ဆံပင်ကို တိပေးတာဆိုတော့ ခေါင်းလျှော်စရာလည်းမလိုတော့ဘူးပေါ့။ ကဲရေချိုးမှပဲ။ အစားအသောက်တွေ အဆင်သင့်နေကြောင်း အချက်လည်းပြနေပြီကိုး။ ရေမိုးချိုး ထမင်းစားပြီးသွားရင်တော့ ကောင်မလေးဆီမသွားခင် လန်းသွားအောင် ခဏအိပ်ဖို့ ဇီဝဌာနကို အကြောင်းကြားအုံးမယ်။ သူတို့က ခဏအတွင်း အိပ်ပျော်သွားအောင်လုပ်ပေးပြီး အကောင်းဆုံးအခြေအနေရောက်ရင် နှိုးပေးမယ်လေ။

အင်း.. လူအများနဲ့ မတွေ့တာကြာလို့ သံလိုက်ရထားကို ရွေးလိုက်တော့လည်း ထူးမခြားနားပါပဲ။ အားလုံးက သူ့အလုပ်နဲ့သူ စကားပြောလို့လည်းမရ၊ ပြောသာပြောရတာ ကိုယ်တိုင်လည်း ဘေးလူတွေနဲ့ စကားသိပ်မပြောချင်ပါဘူး။ အပြင်မှာ အခုလိုခရီးသွားနေရတာကိုပဲ စိတ်ပင်ပန်းလှပေါ့။ ညွှန်ကြားမှုဌာနက ရွေးပေးတဲ့ လက်မှတ်နေရာ ကောင်းလို့သာတော်သေးတယ်။ သွားရမှာကလည်း ခဏပါပဲ။ သဘာဝ ရှုခင်းတွေကြည့်လို့ကောင်းတဲ့ မြို့လေးပေါ့။ ကောင်မလေးနဲ့ ဆုံဖို့နေရာကိုလည်း ရွေးပေးထားကြတယ်။ ကိုယ်တို့နှစ်ယောက် အကြိုက် နေရာလေးပေါ့။ ရေကန်ကြီးရှိမယ်။ ကြာပန်းတွေရှိမယ်။ ပြီးတော့ အရိပ်ရပင်ကြီးတွေလဲရှိမယ်။ ကိုယ်ကတော့ ကံ့ကော်ပင်ကိုပဲရွေး ထားလိုက်တယ်။ သူတို့ကတော့ စွယ်တော်ပင်ကို ဦးစားပေး ရွေးထားတာ။ စားစရာကတော့ ညနေစာဖြစ်နေလို့ နှစ်ဦးစလုံးအဆင်ပြေမဲ့ နာနတ်သီးဖျော်ရည်ကိုပဲ ရွေးထားတယ်။ ဒါတောင် တစ်ရက်ကြိုမှာလိုက်လို့ မဟုတ်ရင် ရလိုက်မယ် မထင်ဘူး။ နောက် ၅ မိနစ်ဆိုရင်တောင် ရောက်တော့မှာပါလား။ ချစ်သူနဲ့ တွေ့ရမှာဆိုတော့ မလစ်ဟင်းရအောင် အချက်အလက်အားလုံးကို ပြန်စစ်ထားအုံးမှ ဖြစ်မယ်။

လက်ကောက်ဝတ်က ဖန်သားပြင်လေးကနေ အားလုံးကို ပြန်စစ်လိုက်တယ်။ ကိုယ်အပူချိန်၊ အသားရည်စိုပြေမှု၊ အဝတ်အစား အဆင်ပြေမှု၊ ဆံပင်ပုံစံ၊ ခံတွင်းနံ့၊ အရေးကြီးဆုံးဖြစ်တဲ့ နှလုံးသားရဲ့ အနေအထား။ အိုကေ။ အားလုံးအဆင်ပြေနေပြီ။ ကဲ.. ကိုယ်လာပြီချစ်သူရေ….။

ဟော.. ဟိုဘက် ခရီးသွားစင်္ကြန်ကနေ ထွက်လာနေတာ ကောင်မလေးပဲ။ အိုကြည့်စမ်းပါအုံး။ မိုးပြာရောင် ချည်သားအင်္ကျီလေးနဲ့ လှနေလိုက်တာ။ အပြေးပဲ ချစ်သူကို သွားကြိုလိုက်မိတယ်။ ပြီးတော့ ဘူတာကနေ ကြိုမှာထားတဲ့ မိုးပျံယဉ်နဲ့ ဥယျဉ်ဘက်ကို ထွက်ခဲ့တော့တယ်။ ဟိုကိုလည်းရောက်ရော ကံ့ကော်ပန်းနံ့လေးတွေနဲ့ ကြည်နူးစရာ ညနေပါပဲ။ ချစ်သူလက်လေးကို ဆွဲကိုင်ပြီး အနာဂတ်အတွက်စကားတွေပြော။ ချစ်သူစကားတွေကိုလည်း နားတောင်၊ နောက်ပြီး ရင်ခွင်ထဲမှာထားပြီး ညနေချိန်နေမင်းကြီးကို ကြည့်လိုက်ရတာ မမေ့နိုင်တဲ့ ဖြစ်ရပ်လေးတွေပေါ့။ ကိုယ်တိုင်လည်း ဘဝမှာ ထွေးပိုက်စရာရင်ငွေ့တစ်ခု အရမ်းလိုအပ်ပါလားလို့ တွေးမိလိုက်တယ်။ ဒီလိုနွေးထွေးမှုမျိုးကို ဝေးနေခဲ့တာ ကြာပါပြီကော။ ဟိုး.. လူငယ်ဘဝကတည်းကပေါ့။ ဒီလိုနဲ့ပဲ နာနတ်ဖျော်ရည် တဝက်မကျိုးပေမဲ့ အချိန်ကိုခိုးလို့မှမရတော့ ချစ်သူကို ဘူတာပြန်လိုက်ပို့လိုက်တယ်။

အပြန်လမ်းက အချိန်လေးတွေ တိုလွန်းသလိုပဲ။ ကြည်နူးခဲ့ရတာတွေကို ပြန်စဉ်းစားလို့ကို မဝဘူး။ ချစ်သူရဲ့ ဆံနွယ်လေးတွေ၊ အယုအယလေးတွေပေါ့။ ဒီအတိုင်းဆိုရင်တော့ ဒီနေ့ည ဘာအလုပ်မှ ကောင်းကောင်းလုပ်နိုင်မယ် မထင်ဘူး။ မထူးပါဘူး။ ဆုံးဖြတ်လိုက်တာ ကောင်းမယ်။ အိမ်ပြန်ရောက်ရင် ဒီတစ်နေ့စာနားဖို့ ရှိနေတဲ့အစီစဉ်တွေ ဖျက်လိုက်တော့မယ်။ လမ်းမှာကတည်းက အချက်အလက်တွေ စစ်ထားပြီး အချိန်ပြောင်းဖို့ တစ်ကိုယ်ရည်ညွှန်ကြားမှု ဌာနကို ပို့တာကောင်းမယ်။

ဟာ… ..အချက်အလက်တွေစစ်။ အချက်အလက်တွေစစ်ဆိုမှ တညနေလုံး သူ့ဘေးကကောင်မလေးကို သူလက်ကိုင်နေတာ။ သူ့လက်ကောက်ဝတ်မှာ အချက်အလက် ဖန်သားပြင်လေးမှ မပါပဲ။ သွားပြီ။ သူကိုယ်တိုင်မလာဘဲ သူ့ကိုယ်ပွားကို လွှတ်လိုက်တယ်ပေါ့လေ။ ဒါကြောင့် တညနေလုံး အကုန်အဆင်ပြေပြီး သူ့မျက်လုံးလေးတွေက တချက်တချက် အသက်မဲ့နေသလိုဖြစ်နေတာကိုး။ စိတ်ဆိုးလိုက်တာကွာ .… “ တောက် ”။


သုခမိန်။…..။
မှတ်ချက်။…။ ဆရာမင်းလူရဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို အမှတ်ရပြီး လိုက်တုရေးကြည့်တာပါ။ သူငယ်ချင်းတစ်ယောက်က BigBag ရဲ့အခွေသစ် AD3000 ပေးနားထောင်တော့လည်း အနာဂတ်ရဲ့ အပြောင်းအလည်းတွေကို သရော်ထားတဲ့ သီချင်းလေးတွေ့တာနဲ့ (သီချင်းခေါင်းစဉ်က အေဒီ ၃၀၀၀ တဲ့) လျှောက်ရေးကြည့်တာပါ။ အမြင်မသင့်တာ၊ ဖတ်မကောင်းတာဆိုရင် တောင်းပန်ကြောင်းပါ။




ဆက်ဖတ်မယ်ဆိုရင် ...

သေနတ်သမား


သူ ရုတ်တရက်နိုးလာတော့ သူဘယ်သူလဲဆိုတာမသိဘူး၊ အဲ ဘာကိစ္စ ဒီလက်နက်ပစ္စည်းစက်ရုံထဲ ရောက်နေသလဲဆိုတာ နားမလည်ပါဘူး။ ကိုယ့်နာမည်ကိုတောင်မမှတ်မိ၊ ဘာတွေများလုပ်နေမိပါလိမ့်။ ဘာဆိုဘာမှကို မမှတ်မိပါဘူး။

စက်ရုံကအတော်အတန်ကြီးပါတယ်။ ပစ္စည်းတပ်ဆင်ရေးလိုင်း၊ ကွန်ဗိုင်ယာတွေ၊ ပစ္စည်းတပ်ဆင်သံတွေထွက်လို့ပါ။

သူ အဆင်သင့်လုပ်ပြီးသား သေနတ်တလက်ကို အော်တိုမက်တစ်ထုပ်ပိုးထားတဲ့ သေတ္တာထဲကနေ ဆွဲထုတ်လိုက်တယ်။ ယန္တယားတစ်ခုကို သူကိုင်တွယ်မောင်းနှင်ခဲ့တာ အခုတော့ ယန္တယားက ရပ်သွားပါပြီ။



သေနတ်ကို ဖြတ်ကနဲလှမ်းကိုင်လာတာ အသားကျနေတာပါပဲလား။ လမ်းသွယ်ကလေးကနေ စက်ရုံရဲ့အခြားဖက်ခြမ်းကို ထွက်လာတဲ့တယ်။ အဲဒီမှာ အခြားတစ်ယောက်က ကျည်ဆံတွေကို ထုပ်ပိုးနေတယ်။

“ငါဘယ်သူလဲ” သူ အသံခပ်တုန်တုန် လေးလေးကန်ကန်မေးလိုက်တယ်။

အဲဒီလူက အလုပ်ဆက်လုပ်နေတယ်။ လှည့်မကြည့်သလို ဘာမှမကြားသလို လှုပ်ရှားမှုလည်း ရှိပါဘူး။
“ငါဘယ်သူလဲ” “ငါဘယ်သူလဲ” လို့ အော်လိုက်တယ်၊ ဒါပေမယ့် စက်ရုံကြီးတခုလုံးမှာ သူ့အသံကြီးပဲ့တင်ထပ်သွားတာကလွဲပြီး ဘာမှထူးခြားမသွားပါဘူး။ လူတွေလည်း လှည့်တောင်မကြည့်ဘဲ အလုပ်ပဲဆက်လုပ်နေကြပါတယ်။

သူ ကျည်ထုပ်ပိုးနေတဲ့သူရဲ့ ခေါင်းကို သေနတ်နဲ့ မွှေ့လိုက်တယ်။ ဖျောင်းကနဲ အသံမြည်သွားပြီး ကျည်ထုပ်ပိုးနေတဲ့သူလည်း မှောက်ကျသွားပြီး ကျည်ဆံတွေ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲသွားတယ်။

ကျည်တစ်တောင့်ကို ကောက်ယူလိုက်တယ်။ အသင့်တော်ဆုံး ကျည်ဆံတခုထင်ပါရဲ့။ ကျည်တွေက အဆင်မပြေတွေဖြစ်တတ်တယ်။

သူ အပေါ်ဘက်က ခြေသံတချက်ချက်ကို ကြားရတယ်၊ လမ်းသွယ်လေးကနေ သူ့ဆီကိုလာနေတဲ့သူကို အဖြေကိုလုံးဝ မမျှော်လင့်ဘဲ “ငါဘယ်သူလဲ” ဆိုပြီး လှမ်းမေးလိုက်တယ်။

အဲဒီတစ်ယောက်လည်း အောက်ကိုငုံ့ကြည့်ပြီး ပြေးတော့တာပဲ။

သူလည်း သေနတ်ကို အပေါ်ထောင်ပြီး နှစ်ချက်လောက်ပစ်လိုက်တယ်။ ပြေးသွားတဲ့သူလည်း ရပ်ပြီး ဒူးထောက်ကျသွားပြီး လဲမကျခင်မှာဘဲ နံရံပေါ်က ခလုတ်အနီလေးကို နှိပ်လိုက်တယ်။

အချက်ပေး အသံတွေက ကျယ်ကျယ်လောင်လောင် ရှင်းရှင်းလင်းလင်းပေါ်ထွက်လာတယ်။

“သေနတ်သမား သေနတ်သမား သေနတ်သမား ” ဆိုပြီး စပီကာတွေကနေ အချက်ပေးသံတွေထွက်လာတယ်။

ဘယ်အလုပ်သမားတွေကမှ လှည့်မကြည့်ကြပါဘူး။ အလုပ်ပဲ ဆက်လုပ်နေကြတာပါ။

သူ ပြေးတယ်၊ သတိပေးသံတွေထွက်နေတဲ့ စပီကာတွေကနေလွတ်အောင်ပေါ့။ တံခါးတစ်ပေါက်ကိုတွေ့တော့ အဲဒီဆီကို ပြေးသွားလိုက်တယ်။ တံခါးကပွင့်သွားတယ်၊ အဲ ယူနီဖောင်းမတူ လူလေးယောက်ရပ်နေတယ်။ သူတို့တွေက သူ့ကို အံ့ဖွယ်စွမ်းရည်မြင့်သေနတ်တွေနဲ့ ပစ်ခတ်လိုက်တယ်။ ခန္ဓာကိုယ်ပေါ်က ပစ္စည်းတချို့ပြုတ်ထွက်ကုန်တယ်။ သူက သုံးကြိမ်လောက် သေနတ်နဲ့ ပြန်ပစ်တော့ ဟိုလေးယောက်ထဲက တစ်ယောက်က သေနတ်ကြီး ပြုတ်ကျပြီး ကြမ်းပြင်ပေါ်မှောက်သွားတယ်။

သူတစ်ခြားတစ်ဖက်ကို ထွက်ပြေးပေမယ့် အဲဒီတခြားဖက်ကလည်း အဲသလို လူတွေ ထွက်လာကြတာပဲ။ ဘေးဝန်းကျင်ကိုကြည့်တော့ ဖက်ပေါင်းစုံကနေ သူ့ဆီကို ချဉ်းကပ်လာတာတွေ့ရတယ်။

လွတ်အောင်ပြေးမှဖြစ်မယ်။

သူ အထက်အမြင့်တွေရောက်အောင် အပေါ်ထပ်တွေကို တက်တယ်။ အပေါ်မှာလည်း သူတို့တွေနဲ့ သူပိတ်မိနေပြီ။ သူကျည်တွေ ကုန်သည်အထိ သေနတ်နဲ့ ပစ်လိုက်တယ်။

သူတို့တွေ သူ့ဆီကို အပေါ်တွေ အောက်ဖက်တွေကနေချဉ်းကပ်လာတော့ “ကျေးဇူးပြုပြီး ငါ့ကို မပစ်ခတ်ပါနဲ့၊ ငါဘယ်သူလဲဆိုတာကို သိချင်ယုံသက်သက်ပါ”

သူတို့ သူ့ကို ပစ်ခတ်လိုက်ပါတယ်၊ စွမ်းအင်မြင့်အရောင်တွေ ဖြာကျ၊ အရာအားလုံးပြီးဆုံးသွားပါတယ်…

///////

သူတို့တွေက သူ့ကိုကြည့်ပြီး တံခါးကို ၀ုန်းကနဲပိတ်လိုက်တယ်၊ ပြီးကုန်တင်ကားလည်း ထွက်သွားတယ်။ “သူတို့ထဲက တစ်ယောက်ယောက်ကတော့ ခဏခြင်း အဲသလိုတွေ ဖြစ်တတ်တယ်” အစောင့်တစ်ယောက်ကပြောတယ်။

“ငါက အဲဒါ နားကိုမလည်တာ”ဆိုပြီး ဒုတိယ အစောင့်က ခေါင်းကုတ်ရင်းပြောတယ်။

“အခုတစ်ယောက်ကိုပဲ ကြည့်၊ သူဘာပြောသလဲဆိုတော့ ငါဘယ်သူလဲဆိုတာလေးကိုပဲ သိချင်တာပါတဲ့။ အဲသလိုတွေပဲ၊ လူတွေနဲ့ သိပ်တူတာ။ သူတို့တွေက အဲဒီစက်ရုပ်တွေကို သိပ်ပြီး ကောင်းလွန်းအောင်လုပ်ထားတယ်လို့ ငါတော့ ထင်တယ်။”

အစောင့်နှစ်ယောက်သည် စက်ရုပ်တင်သွားသော ကုန်တင်ကား ကွယ်ပျောက်သွားသည်အထိ ငေးမောကြည့်နေကြလေသည်။

မူရင်း - The Killer by Stephen King

စက်ရုပ်လူသား သူငယ်ချင်းများသို့ အမှတ်တရ....

ဆက်ဖတ်မယ်ဆိုရင် ...

ဒါနပါရမီအားကောင်းသော မြန်မာတွေ


ဘာသာရေးနဲ့ အတွေးအမြင်တချို့ကို ဆက်စပ်ကြည့်ဖို့ ကြိုးစားရာမှ ပေါ်ပေါက်လာသော အတွေးတချို့ပါ။ တရားစကား နေ့တိုင်းကြားသော်၊ စိတ်မှာလန်းဆန်း ကိုယ့်စိတ်ဖမ်း၍၊ အေးချမ်းသာယာပါစေသော်ဝ်ပေါ့။ ဒီလိုပြောလို့ ရွှေပြည်အေးသမားတွေကို မကြိုက်တတ်သူတွေက “လုပ်စရာရှိတာတွေကို လုပ်ကြစမ်းပါ။ ဒါတွေပြောနေ၊ ဒါတွေလုပ်နေရုံနဲ့ တို့တတွေ ဒီနေ့ကမ္ဘာ့ရွာမှာ လူရယ်လို့မှ ပီသပါအုံးမလား။ ဟင်။” ဒီလိုတွေမေးလာနိုင်ပါတယ်။ ဟုတ်ကဲ့၊ လုပ်စရာရှိတာတွေကို လုပ်ကြရာမှာ တရားဖက်စေချင်တာပါ။ အားလုံးဆံပယ်ကြမယ်။ တောထွက်ကြမယ်လို့။ မစည်းရုံးလိုပါဘူး။ မတိုက်တွန်းလိုပါဘူး။ ကျွန်တော့်လို (ဒါမှမဟုတ်လဲ ကျွန်တော်တို့လိုပေါ့) သာမန်လူသားလေးတွေ အတွက် ဗုဒ္ဓရဲ့အဆုံးအမတွေကို ဘဝလမ်းတစ်လျှောက်မှာ အကျိုးရှိနေရာတွေအတွက် အသုံးချနိုင်ဖို့ အတွေးတချို့ ဝေမျှဖို့ ကြိုးစားကြည့်ခြင်းပါ။



ကဲ… ဒီတော့ ဘာတွေပြောချင်တာလည်း။ ဟုတ်ကဲ့ ပြောချင်တာက ဒီလိုပါ။ ဗုဒ္ဓဘာသာဝင်လို့ ခံယူကြသူတိုင်း မရှောင်လွှဲနိုင်တဲ့ အလှူအကြောင်းပါ။ ကုသိုလ်ဒါနတွေပေါ့။ ဒါနဆိုတာကိုလည်း ဒါနပါရမီ ဆိုပြီး ပြောနေကြတာကြားဖူးတော့ ပါရမီအထုံတွေနဲ့လည်း သက်ဆိုင်မှာပေါ့။ ဒီနေရာမှာတော့ သာမန်အတွေး သာမန်အမြင်တွေပါပဲ။ ကျွန်တော်တို့ မြန်မာတွေရဲ့ အလှူကို ဘာသာရေးအရတော့ သံသရာကနေ မကျွတ်လွတ်သေးသရွေ့ လှည့်လည်ရာ သံသရာအဆက်ဆက်မှာ မြင့်မြတ်ရာကို ချဉ်းကပ်နိုင်ဖို့ အရင်းတည်တာလို့ပဲ မြင်ပါတယ်။ သံသရာမှ လွတ်မြောက်ရာကို ကြိုးစားမယ်ဆိုရင် အလှူပြုလုပ်ခြင်းဟာ အကူပစ္စည်းတစ်ခုလို နေရာမှာပဲရှိမှာပါ။ လွတ်မြောက်ရာကိုသွားရာ လမ်းကတော့ ဝိပဿနာအလုပ်လို ကျင့်စဉ်တွေမှာသာ ရှိတာပါ။ (ဒီအတွေးလေးက သူငယ်ချင်းတယောက်နဲ့ ပြောကြရင်းက ရလာတဲ့ အတွေးပါ။) လှူပါတယ်။ အတော်များများ ဘာသာဝင်တွေဟာ အခွင့်ကြုံတိုင်း လှူကြတန်းကြပါတယ်။ ဒါပေမဲ့ ဘာအစွဲတွေဝင်နေကြလည်း၊ ဘာကိုရည်မှန်းပြီး လှူနေကြလည်း၊ တွေးကြည့်လိုက်တော့ စိတ်မှာ ဘဝင်မကျတာတွေ တွေ့တယ်။

ဘုရားရှင်ရဲ့ ဟောကြားချက်တွေမှာကိုက လှူရတဲ့အလှူရဲ့ မြင့်မြတ်ပုံကို တဖြည်းဖြည်း ရှင်းပြသွားတာဟာ နောက်ဆုံးတော့ ဘုရားအမှုးရှိသော သံဃာကို လှူတာဟာ အမြတ်ဆုံးပါပဲတဲ့။ ဒီနေ့ခေတ်မှာ သံဃာအတုအယောင်တွေဆိုတာကို ခဏထားပြီး နာမည်ကြီး၊ သိက္ခာတော်ရ ဆရာတော်နဲ့ သာမန် ရဟန်းဘောင်ဝင်ပြီး တရားအလုပ်ကို ကြိုးစားပြီး လုပ်နေတဲ့ ဆရာတော်နှစ်ပါးကို စိတ်ကူးမှာ လှူဒါန်းကြည့်ကြပါဆို့ရဲ့။ ဒီနေရာမှာကိုပဲ ဘုရားရှင်ရဲ့ တပည့်သားခြင်းအတူတူ အလှူခံရရှိမှုက မတူညီတော့ပါဘူး။ သာမန်ဆရာတော်တွေမှာတော့ လိုအပ်ချက်တွေ ရှိနေပါရဲ့နဲ့ကို အလှူဟာ သူတို့ဆီမှာ မရှိပါဘူး။ ဥပမာ ကထိန်သင်္ကန်း အလှူလိုမျိုးတွေပေါ့။ ခင်းလိုက်ကြတဲ့ ကထိန်တွေ။ လှူလိုက်ကြတဲ့ အလှူတွေ နာမည်ကြီးကျောင်းတိုက်တွေမှာ သင်္ကန်းတွေကို အထပ်ထပ် သိမ်းနေရသတဲ့။ သာမန်ကျောင်းတိုက်တွေမှာတော့ ဆရာတော်တွေဟာ အချုပ်အလုပ်ကို သေသေသပ်သပ် လုပ်တတ်နေကြပါလေရောလား။

အလှူရှင်တွေဘက်ကနေပဲ ဝင်ပြောချင်တာဖြစ်တဲ့အတွက် ဆရာတော်တွေရဲ့ အပိုင်းမှာသိပ်မပြောလိုပါဘူး။ ဒီလို မညီမျှတဲ့ အလှူရှင်တွေများလာရင်တော့ သံဃာလောကမှာလည်း အမြင်မတော်တာတွေရှိလာမှာပါ။ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်ပေးမဲ့ သံဃာတွေသာ၊ အများစု အဆင်မပြေဘူးဆိုရင် သာသနာတော်ရဲ့ အရောင်ဟာလည်း မှေးမှိန်စရာတွေ ဖြစ်လာနိုင်ပါတယ်။ စာတတ်ပေတတ်နဲ့ ဒေါက်တာဘွဲ့ရ ဆရာတော်မှ လှူဒါန်းစရာလို့မြင်မယ်၊ သာမာန်ရဟန်းအဆင့်ကိုကျော်တဲ့ ဆရာတော်မှ လှူဒါန်းစရာလို့ မြင်မယ်ဆိုရင် ကျွန်တော်တို့ ပြန်စီစစ်သင့်နေပါပြီ။ ငါတို့တွေကရော သာသနာတော်ကို တဘက်တလမ်းကနေ စောင့်ရှောက်ရာ ရောက်ရဲ့လား၊ မသိမသာများ ပျက်စီးရာကို ပို့နေမိလေမလား။ စဉ်းစားကြည့်ချင်စရာပါ။

ဒါက သံဃာကို လှူတဲ့အလှူကိုပြောတာပါ။ သာသနာကို စောင့်ရှောက်ရာမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကျောင်းကန်ဘုရား အလှူမှာလည်း ဒီလိုပါပဲ။ တန်ခိုးကြီး စေတီတော်ကြီးတွေမှာ၊ တန်ခိုးကြီး ဆင်းတုတော်တွေမှာတော့ သပ္ပါယ်နေလိုက်တာ၊ ကြည်ညိုစရာ ကောင်းနေလိုက်တာဟာ ပြောမပြတတ်အောင်ပါပဲ။ ဒါပေမဲ့ စေတီတိုင်းဟာ စေတီပါ၊ ဆင်းတုတော်တိုင်းဟာ ဆင်းတုတော်ပါ။ ဒီနေရာက စေတီကိုလှူမှ၊ ဒီနေရာက ဆင်းတုတော်ကမှ ဆိုတဲ့ အစွဲလေးတွေပါလာရင်တော့ တစ်ခုခု ပြန်တွေးစရာ ရှိနေပြီထင်ပါတယ်။ ဒါပေမဲ့ လက်တွေ့အလှူတွေမှာတော့ ဒါမျိုးတွေပဲ များပါတယ်။ ဒီနေရာမှာ တန်ခိုးကြီးဆိုတာလေးကို နည်းနည်းပြောပါအုံးမယ်။ ဘာသာတရားရဲ့ အယူအရတော့ ရတနာသုံးပါးကို စိတ်မှာစွဲနေဖို့က အဓိကပါ။ ဘုရားရှင်ကို စိတ်မှာရှိနေရင် ရှိခိုးကန်တော့လို့ ရပါတယ်။ နေရာဒေသ၊ အရပ်မျက်နှာမရွေးပါဘူး။ ဒါဆိုရင် တန်ကြီးဘုရားနဲ့ တန်ခိုးမကြီးကရော ဘာတွေကွာခြားတာလည်း။ မေးချင်စရာပါ။

ဘာသာတရားရဲ့ အဆိုအရတော့ နတ်ကောင်းနတ်မြတ်တွေဆိုတာ သီလသမာဓိကောင်းသူ၊ အရပ်ဒေသ၊ ဘုရားကျောင်းကန်တွေကို စောင့်ရှောက်တတ်ပါသတဲ့။ ဒါကိုလက်ခံမယ်ဆိုရင်တော့ တန်ခိုးကြီးနဲ့ သာမန်ကွာခြားချက်ကို အနည်းအကျဉ်းမြင်အောင် ကြည့်ဖို့ရာ နည်းလမ်းရှိမယ်ထင်ပါတယ်။ စေတီပုထိုးကတော့ အားလုံးအတူတူပါပဲ။ ဆင်းတုတော်တွေဆိုတာလည်း အားလုံးအတူတူပါ။ သူ့အမျိုးအစားနဲ့သူ ရှိနေကြတာပါ။ ဒီနေရာက ဆင်းတုက တန်ခိုးကြီးတယ်၊ ဒီနေရာက ဘုရားက တန်ခိုးကြီးတယ်ဆိုတာ ဘုရားရှင်က မျက်နှာလိုက် ဖန်ဆင်းတော်မူတာ မဟုတ်ပါဘူး။ သူတော်ကောင်းတွေ ပျော်မွေ့ရာဒေသ၊ ပျော်မွေ့ရာနေရာဖြစ်လို့ နတ်ကောင်းနတ်မြတ်တွေလည်း ပျော်စံရာဖြစ်တာပါ။ ဒီနေရာ ဒေသမှာ သာသနာတိုးတက်ရေးအတွက် လုပ်သူတွေကိုလည်း ရှိနေတဲ့ နတ်ကောင်းနတ်မြတ်တွေက ပိုပြီးစောင့်ရှောက်မိသွားတာပေါ့။ (ဒီအတွေးလေးကလည်း သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း သူဝေမျှတဲ့ အမြင်လေးပါ) ဒီလိုဆိုရင်တော့ ကွာခြားမှုက ရှိမှာပါ။ ဒါပေမဲ့ အဲဒီလိုသာ တန်ခိုးကြီးမှ လှူနေမယ်ဆိုရင် သာသနာပြုနေမယ်ဆိုရင် သာသနာရဲ့တိုးတက်မှုနဲ့ အနာဂတ်က မရေရာနိုင်ပါဘူး။

ဒါတွေက သာသနာတော်အတွက် လှူဖို့ကို စဉ်းစားစရာလေးတွေများလားလို့ ပြောကြည့်တာပါ။ တစ်ကယ်တော့ “ဒါနဟူသည် ပေးစွန့်ခြင်းပင် ဖြစ်လေရာ လှူဖွယ်ဝတ္ထုကို ပေးစွန့်မှသာ ဒါနမြောက်သည်မဟုတ်၊ အများကောင်းကျိုးအတွက် မိမိဘဝကို စတေးခြင်းသည်လည်း ဒါနမည်၏။”တဲ့။ ဘယ်ကမှန်း မမှတ်မိတော့လို့ အတိအကျတော့ ပြန်မပြောတတ်တော့ပါဘူး။ ဒါပေမဲ့ အယူအဆလေးက နှစ်သက်စရာလေးပါ။ ဒီအယူအဆကတော့ မြန်မာတွေအတွက် မထွန်းကားသေးဘူးထင်ပါတယ်။ ကျွန်တော် ဘဝင်မကျတာ ဒီနေရာမှာလည်းရှိနေပါတယ်။ လူမှုရေးအလုပ်တွေကို လှူဒါန်းကြတာ၊ ကူညီကြတာတွေဟာ အတွေ့ရနည်းလွန်းလှပါတယ်။ ဘာသာတရားအရ အလှူအတန်းဟာ ဘာသာရေးနဲ့ပဲ ယှဉ်နေပါတယ်။ ဒါတွေကတော့ အစောပိုင်းမှာ ကျွန်တော်ပြောခဲ့သလို ရွှေပြည်အေးသမားတွေကို မကြိုက်သူတွေက ပိုတွေးမယ်ထင်ပါတယ်။ ဒါကလည်း စဉ်းစားသင့်တဲ့ အချက်တစ်ခုပါ။ လူမှုရေးတွေကို လစ်လျူရှုထားမယ်၊ တိုးတက်ဖို့ကို ပူးပေါင်းဆောင်ရွက်မှုတွေ မရှိဘူးဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ တော်တော်နဲ့ လူလားမြောက်မှာမဟုတ်ပါဘူး။ သူ့နောက်လိုက်တွေပဲ ထွန်းကားနေပါလိမ့်မယ်။

သာသနာတော်ကို စောင့်ရှောက်တာလည်း စောင့်ရှောက်ပါ။ သံသရာအတွက်ပါအောင်၊ ကိုယ့်ဘဝ တိုးတက်အောင်မြင်အောင် ဆိုပြီး လှူကြတာလည်းလှူပါ။ အမျိုးကို စောင့်ရှောက်ခြင်း၊ အများအတွက် အကျိုးပြုလုပ်ငန်းတွေပြုလုပ်ခြင်း၊ အများအတွက် ကိုယ်ကျိုးစွန့်ခြင်းတွေ မှာလည်း ပါဝင်လှုပ်ရှားကြပါ။ လှူဒါန်းကြပါ။ ဥပမာအားဖြင့် တန်ခိုးကြီးလွန်းလို့၊ ကြည်ညိုစရာ ကောင်းလွန်းလို့ဆိုပြီး ခေတ်အဆက်ဆက် လှူလာလိုက်တဲ့ ရွှေတွေ၊ ကျောက်သံပတမြားတွေ အပုံအပင်ရှိနေတဲ့ သာသနာဆိုင်ရာ နေရာတွေ မနည်းပါဘူး။ ဒီကြွယ်ဝချမ်းသာမှုက လိုတာထက်ပိုနေရင် တခြားအကျိုးပြုလုပ်ငန်းတွေမှာ လှူလို့ရပါတယ်။ အလှူမှာ အရေးအကြီးဆုံးကတော့ အလှူရှင်ရဲ့ စိတ်ထားထင်ပါတယ်။ မျက်မမြင်ကျောင်းတစ်ခုကို လှူလိုက်တာဟာ ဘာသာရေးအရတော့ မြင့်မြတ်ချင်မှ မြင့်မြတ်ပါမယ်။ လူသားဆန်မှု၊ ရိုင်းပင်းကူညီမှုလို လက်တွေ့လူ့ဘဝအတွက်တော့ များလွန်းတဲ့ အကျိုးကျေးဇူးပါ။ အနည်းဆုံးတော့ မျက်မမြင်တွေရဲ့ ဘဝတွေ တိုးတက်လာပါမယ်။ သူတို့တွေအတွက် လူအချင်းချင်းကြားမှာ အားငယ်နေရတာတွေ လျော့ပါးလာမှာပေါ့။ ဒီလိုပါပဲ မိဘမဲ့ ကျောင်းတွေ၊ ပြန်လည်ထူထောင်ရေး သင်တန်းကျောင်းတွေ၊ ဘိုးဘွားရိပ်သာတွေ။ ပြောရမယ်ဆိုရင်တော့ လူမှုဘဝအတွက် လိုအပ်တဲ့အလှူက ပိုလို့တောင်များမယ်ထင်ပါတယ်။

ဒီလိုတွေလိုက်လှူနေရလို့ နောင်သံသရာအတွက် မပါတော့မှာကိုလည်း သိပ်ပူနေရာ မလိုလောက်ပါဘူး။ ဒီလို အလှူမျိုးကိုလည်း အလှူခေါ်ထိုက်မှာပါ။ (ဒီနေရာမှာတော့ ဘာသာရေးနဲ့ သိပ်ပြီး မတွေးတတ်ပါဘူး။) လျှောက်၊ လမ်းလျှောက်ရင်း လမ်းမပျောက်ရအောင် စိတ်ကောင်းရှိဖို့က ပထမပါ။ စိတ်ကောင်းမရှိဘဲနဲ့ ကတော့ ဘယ်အလှူဒါနမှ မြင့်မြတ်မယ်မထင်ပါဘူး။ စိတ်ကောင်းထားပြီး တစ်ပါးသူကို ကူညီတာဟာလည်း ကုသိုလ်တစ်ခု မဟုတ်လားဗျာ။


သုခမိန်။…..။


ဆက်ဖတ်မယ်ဆိုရင် ...